အတွေ့အကြုံကိုယူမလား၊ ပိုက်ဆံယူမလား”လို့မေးရင်
လူအတော်များများကပိုက်ဆံပဲယူပါရစေဆရာ၊ အတွေ့အကြုံကနောက်မှရှာယူပါမယ်လို့
ပြောမယ့်လူကအရေအတွက်ပိုများလိမ့်မယ်။ လတ်တလောဖြေရှင်းရမယ့်ကိစ္စတွေက
ပိုက်ဆံရှိမှအဆင်ပြေနိုင်ကြတာမို့ ဘ၀အရဒီလိုပြောတာပဲဖြစ်လိမ့်မယ်။
ဆင်းရဲခက်ခဲတဲ့အနေအထားအောက်မှာ ရုန်းကန်နေရတဲ့သူတို့တစ်တွေဟာ အရာရာငွေကသာ
ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်နေဟန်တူပါတယ်။ဒါကို အပြစ်တင်လို့တော့
ရလိမ့်မယ်မထင်ဘူး။ ဘ၀ရဲ့ပြဋ္ဌာန်းချက်အရ လူတွေရဲ့အတွေးအခေါ်
အနိမ့်အမြင့်တွေကလည်း ဖြစ်ထွန်းပေါ်ပေါက်လာတတ်တယ်မဟုတ်လား။
တချို့ရဲ့အမြင်အတွေးဟာခပ်ပါးပါးလေးဖြစ်နေသလို တချို့ကလည်းထူထဲနက်နဲစွာ
စဉ်းစားကြပေလိမ့်မယ်။သင်ယူလေ့လာခွင့်ရခဲ့တဲ့ ပညာရေး၊ အထွေထွေဗဟုသုတနဲ့
ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေအရ သူ့ရဲ့စဉ်းစားတွေးခေါ်မှုအနိမ့်အမြင့်ဆိုတာ
ဖြစ်တည်လာလေ့ရှိပါတယ်။ ဒါကို ဟန့်တားဖို့ ခက်ခဲသလို ပိုပြီးမြင့်မားအောင်
တွန်းတင်ပေးဖို့ဆိုတာလည်း လွယ်မယ်မထင်ပါဘူး။
အတော်အတန်စဉ်းစားတွေးခေါ်နိုင်မှုလည်းရှိတယ်၊ ပညာရဲ့အရေးပါမှုဟာ
ငွေရဲ့အရေးပါမှုထက်လည်း ပိုမိုမြင့်မားတဲ့အကြောင်း နားလည်ထားတယ်၊ ပညာဆိုတာ
အကြားအမြင်ဗဟုသုတ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပေးနိုင်ရင် အဆုံးစွန်အထိ
အောင်မြင်နိုင်တယ်ဆိုတာ တချို့ကသိထားကြတယ်၊ အဲဒီလိုလူမျိုးတွေကတော့
“အတွေ့အကြုံကိုယူမလား၊ ပိုက်ဆံယူမလား” ဆိုတဲ့မေးခွန်းမျိုး
အမေးခံခဲ့ရရင်ဝမ်းပန်းတသာပဲ အတွေ့အကြုံကိုယူပါရစေလို့ပဲ
တောင်းဆိုလိမ့်မယ်။ဟုတ်တယ်။ သူတို့ဟာ အတွေ့အကြုံကသာ ကောင်းမှု၊ ဆိုးမှုတွေကို
ခွဲခြမ်းပေးလိမ့်မယ်။ အတွေ့အကြုံကသာအောင်မြင်မှုနဲ့ အနီးစပ်ဆုံးနေရာကို
ညွှန်ပြနိုင်လိမ့်မယ်။ အတွေ့အကြုံကသာ ကိုယ်ရောက်ရှိနေတဲ့ အဆင့်နေရာကနေ
အောက်တစ်ဆင့်နိမ့်ကျမသွားအောင် ဟန့်တားကာကွယ်တားဆီးနိုင်လိမ့်မယ်ဆိုတာကို
နားလည်ကြတယ်။ အတွေ့အကြုံဆိုတာပါဝါပါပဲ။ အကြားအမြင်ဗဟုသုတဆိုတာ ပါဝါပါပဲ။
Knowledge is power ဆိုတာကလည်း မူလတန်းကလေးတွေတောင်
သိကြတယ်မဟုတ်လား။အတွေ့အကြုံတွေဟာ ငွေဖြစ်တယ်၊အတွေ့အကြုံတွေဟာ ရွှေဖြစ်တယ်။
အတွေ့အကြုံတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာပစ္စည်းတွေဖြစ်တယ်။ ဒီတော့
အတွေ့အကြုံဟာ ငွေထက်၊ ပိုက်ဆံထက် ပိုမိုတန်ဖိုးရှိနေမှာသေချာတယ်။
အတွေ့အကြုံဘဏ္ဍာတိုက်ရဲ့အကြောင်းကို သိတဲ့လူတွေက အတွေ့အကြုံဟာ
ဘာပစ္စည်းနဲ့မှချိန်ထိုးလဲလှယ်လို့မရဘူးလို့ ပြောကြလိမ့်မယ်။အတွေ့အကြုံဆိုတာ
ကျောင်းသင်ခန်းစာသင်ရိုးညွှန်းတမ်းများလို မာတိကာတွေခွဲထားတာဟုတ်ချင်မှ
ဟုတ်လိမ့်မယ်၊ တစ်ပြီးရင်နှစ်လာရမယ်၊ နှစ်ပြီးမှ သုံးကိုဆက်ပြီး
လေ့လာသွားရမယ်ဆိုတာလည်း ဟုတ်ချင်မှဟုတ်မှာပါ။ လေ့လာသင်ယူစရာတွေကို
ပေးလာတဲ့အခြေအနေအချက်အလက်တွေအရ သင့်သလို ယူလာခဲ့ရတာမျိုးဖြစ်တတ်ပါတယ်။
ကြည့်တတ်မှု၊ မြင်တတ်မှု၊ယူတတ်မှုတွေဟာ ပညာရဲ့တန်ဖိုးကို မြှင့်ပေးတာဖြစ်သလို
သက်ဆိုင်ရာကာယကံရှင်အနေနဲ့ များပြားလှတဲ့ အတွေ့အကြုံကောင်းတွေကို
ရရှိနိုင်မှာသေချာပါတယ်။အတွေ့အကြုံဆိုတာ ပင့်ကူအိမ်တစ်ခုက ကြိုးစလေးတွေနဲ့
တူတယ်လို့ တချို့ကပြောကြတယ်။ ပင့်ကူအိမ်က ကြိုးကလေးဟာ
နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေးတွေလို့ ထင်စရာအကြောင်းရှိတယ်။
ဒါပေမဲ့အဲဒီကြိုးကလေးများနဲ့ပဲ ပင့်ကူအိမ်ထဲကိုတိုးဝင်လာတဲ့အရာဝတ္ထုတွေ၊
သတ္တ၀ါတွေကို ဖမ်းဆီးရမိနိုင်တယ်။ ဒါကို အမေရိကန်စာရေးဆရာကြီး
“ဟင်နရီဂျိမ်းစ်” (Henry James) က ဒီလိုရေးခဲ့ဖူးတယ်။“အတွေ့အကြုံဆိုတာ
အကန့်အသတ်မရှိဘူး။ ဘယ်တော့မှပြီးပြည့်စုံတယ်လို့ မရှိဘူး။ အတွေ့အကြုံဆိုတာ
အပြောကျယ်တဲ့ သိမှတ်မှုတွေပါပဲ။ အဲဒါက အသိစိတ်ခန်းမကြီးထဲမှာ
တွဲလောင်းကျနေတဲ့ နူးညံ့တဲ့ ပိုးကြိုးမျှင်လေးတွေနဲ့ လုပ်ထားတဲ့
ပင့်ကူအိမ်ကြီးနဲ့တူတယ်။ သူက လေထဲကလွင့်လာသမျှ အသေးအဖွဲကလေးတွေ
ဖမ်းယူထိမ်းထားနိုင်တယ်လေ ”Experience is never limited, and never
complete. It is an immense sensibility, a kinds of huge spiderweb of the
Einest skilker threads suspended in the chamber of conselousness, and
catching every airborne particle in its tissue.
ဆရာကြီး “ဟင်နရီဂျိမ်းစ်” ရဲ့စကားဟာ မှတ်သားစရာပါ။ ဘ၀မှာ
အတွေ့အကြုံဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း အတွေးနယ်ချဲ့ရင်
ချဲ့နိုင်သလောက် ရမှာသေချာပါတယ်။ လူတိုင်းလူတိုင်းပဲ
ဘ၀မှာအရေးကြီးတယ်ဆိုတဲ့ အရာတွေထက် ပိုပြီးအရေးကြီးတာဟာ
အတွေ့အကြုံပဲဖြစ်လိမ့်မယ်။ အဲဒီအတွေ့အကြုံကို
စနစ်တကျခွဲခြားအသုံးချခြင်းအားဖြင့် ဘ၀မှာ
အောင်မြင်မှုတွေအများကြီးရရှိနိုင်တယ်ဆိုတာ
ယုံမှားသံသယဖြစ်စရာလိုမယ်မထင်ဘူး။အတွေ့အကြုံဆိုတာ
ကြိုသိနိုင်တာမျိုးမဟုတ်ဘူး။ ကြုံကြိုက်ထိတွေ့ပြီးမှသာ ရရှိတာမျိုးဖြစ်တယ်။
သူတစ်ပါးရဲ့ အတွေ့အကြုံကို ရယူမယ်ဆိုရင်လည်း စာတွေ့အတွေ့အကြုံပဲဖြစ်ပြီး
လက်တွေ့အတွေ့အကြုံမဖြစ်နိုင်ဘူး။ အတွေ့အကြုံဟာ လွန်သွားပြီးမှ
သိရှိနားလည်ခံစားရတာမျိုးဆိုတာ နားလည်နိုင်တဲ့လူရှားပါတယ်။ အလွယ်ကူဆုံး
ဥပမာကိုပေးပြီး ပြောရမယ်ဆိုရင် အတွေ့အကြုံဆိုတာ
သင်္ဘောကြီးတစ်စင်းရဲ့နောက်ပိုင်းမှာ ပါလာတတ်တဲ့နောက်မီးလုံးကြီးနဲ့တူတယ်တဲ့။
အဲဒီမီးဟာသင်္ဘောကြီးခုတ်မောင်းသွားပြီးမှသာ
ပတ်ဝန်းကျင်မြင်ကွင်းကိုမြင်ရတာ၊ သင်္ဘောရဲ့နောက်ပိုင်းက မြင်ကွင်းတွေ၊
ရှုခင်းရှုကွက်တွေကို နောက်မှမြင်ရတာလေ၊ ကြိုပြီးသိမြင်နိုင်တာတော့မဟုတ်ဘူး။
အဲဒါကို နားလည်ထားသင့်တယ်။တချို့ကတော့ အတွေ့အကြုံဆိုတာရဖို့
ပိုက်ဆံအများကြီးသုံးခဲ့ရသတဲ့။ကောင်းနိုးရာရာတွေကို
ဆောင်ရွက်လုပ်ကိုင်တယ်ဆိုတာ အချိန်ကုန်၊ ငွေကုန်ရတာများတယ်မဟုတ်လား။
အဲဒီလို အတွေ့အကြုံတွေရဖို့ ကုန်ခဲ့ရတဲ့အချိန်တွေဟာရက်တွေ၊ လတွေ၊ နှစ်တွေ
အဖြစ်ပြောင်းသွားနိုင်သလို ကုန်ခဲ့ရတဲ့
ငွေတွေကိုသာစုဆောင်းထားမယ်ဆိုရင်လည်း မီလျံနာ၊ဘီလျံနာသူဌေးကြီးတွေတောင်
ဖြစ်သွားနိုင်တယ်လို့ ပြောတဲ့လူကပြောကြပါတယ်။ဒါပေမဲ့ အတွေ့အကြုံက
ထူးဆန်းတာတစ်ခုရှိသေးတယ်။ ဘာလဲဆိုတော့ ခင်ဗျားအမှားတစ်ခုခုကို
လုပ်မိတယ်ဆိုပါတော့ အဲဒါဟာအမှားဖြစ်တယ်။ မှားနေပြီဆိုတာကို သူသိတယ်။
သူသိသလို ခင်ဗျားသိသွားအောင်လည်း သူကအကူအညီပေးလိမ့်မယ်။ကဲ--ထပ်မေးပါရစေ၊
အတွေ့အကြုံကိုယူမလား ပိုက်ဆံကို ယူမလား။ ။
Source: HR journal
Credit http://mmjobs.mmdroid.biz/articles_detail.cfm?id=10
No comments:
Post a Comment